မြန်မာနိုင်ငံမှာလည်း ပြည်တွင်းဖြစ်လို့ နာမည်တပ်ထားတဲ့ MMORPG တစ်ခု မနေ့တနေ့ကပဲ ထပ်ထွက်လာပြီဆိုတော့ ဒီ game အမျိုးအစားကဘာလဲ၊ ဘယ်လို အလုပ်လုပ်တာလဲ၊ ဘယ်လိုဆော့ရလဲ၊ ဘာတွေလုပ်လို့ရလဲ ပြီးတော့ ဘယ်သူတွေဆော့ကြလဲ ဆိုတာကို ကြည့်ရအောင်။
ဒီအချိန်မှာတော့ အများစုက MMORPG လို့ပြောလိုက်ရင် အစိမ်းသက်သက်တော့မဟုတ်ကြတော့ပါဘူး။ အရှည်ကောက်ကတော့ Mass Multiplayer Online Role Playing Game လို့ခေါ်ပါတယ်။ Player တွေ အများကြီး Online ကမ္ဘာ ပေါ်မှာ တစ်ပြိုင်ထဲမှာဆော့လို့ရတဲ့ ဂိမ်းမျိုးပါ။ ၁၉၉၆ လောက်ကစပြီးတော့ ဖြစ်လာတယ်လို့တော့ ဖတ်ဖူးပါတယ်၊ game server လို့ခေါ်တဲ့ server တွေမှာ ကမ္ဘာအရပ်ရပ်ကနေ playerတွေကချိတ်ဆက်ပြီးတော့ cyber world တစ်ခုထဲမှာ ကျင်လည်နေကြတာပေါ့။
များသောအားဖြင့် ကိုယ်ပိုင်ဖန်တီးခွင့်ပေးထားတဲ့ game character တစ်ခု၊ ဒါမှမဟုတ် ဖန်တီးပြီးသား ဂိမ်းဇာတ်ကောင်တစ်နေရာက ဝင်ကစားရပါတယ်။ အနိမ့်ဆုံး အဆင့်တစ်ခုကနေ စဆော့ရပြီးတော့ ပေးထားတဲ့ Mission တွေ quest တွေကိုအောင်မြင်အောင်ဆော့တဲ့အခါ တဖြည်းဖြည်း level မြင့်လာပါလိမ့်မယ်။ Level မြင့်လာတာနဲ့အမျှ ဇာတ်ကြောင်းကိုပိုသိလာရတဲ့အပြင် ပိုကောင်းတဲ့ အခွင့်အရေးတွေ၊ လက်နက်နဲ့ ဝတ်စုံတွေ၊ အရင်ကပိတ်ထားတဲ့ နေရာသစ်တွေကိုသွားခွင့်ရလာပါလိမ့်မယ်။ ဒီနေရာမှာတွဲပါလာတာက ကိုယ်ပိုင် team/ clan /guild တွေပါပဲ။ MMORPG တစ်ခုကိုဆော့တော့မယ်ဆိုရင် ကိုယ့်အတွက် အားကိုးရတဲ့ မိတ်ဆွေတွေလိုပါတယ်။ ဒါမှ အဖွဲအချင်းချင်း စစ်တိုက်တဲ့ အခါ guild war တွေလုပ်တဲ့ အခါမှာ အားသာတာပါ။
ဒါကြောင့်ပဲ တစ်ချို့က Social MMO လို့ခေါ်ကြတာပါ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းတွေအကုန်လုံးမှာ chatting လုပ်လို့ရပါတယ်။ ကိုယ်ရဲ့ character ကနာမည်တစ်ခုနဲ့ ဂိမ်းထဲမှာ ကိုယ့်ကိုကိုယ်စားပြုပြီး ပြောတဲ့အတွက် အပြင်မှာထက် အများကြီးလွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်။ တစ်ခါတလေ တစ်ချို့ ဂိမ်းတွေမှာ ဒီလို public chat တွေကြောင့် ရန်စကားတွေဖြစ်ပြီး ပြဿနာတက်ကြတာလဲရှိပါတယ်။ ဒါကြောင့်နောက်ပိုင်း ဂိမ်းတွေမှာ စကားလုံးတစ်ချို့ကို game server တွေကကန့်သတ်လာကြပါတယ်။ ပြီးတော့ public chat ကိုပိတ်ထားလို့ရတဲ့ အချက်ကိုလည်းထည့်ပေးလာပါတယ်။ ဒါပေမယ့် လူအများနဲ့ ဆော့ဖို့ဖန်တီးထားတဲ့ ဂိမ်းထဲမှာ chat option ကိုပိတ်ထားရမယ်ဆိုတော့ လည်းမဟုတ်သေးဘူးပေါ့နော။
MMORPG ထုတ်တဲ့ developer တွေအတော်များများကတော့ ခုနောက်ပိုင်းမှာ ဂိမ်းကို အစအဆုံးပြီး အောင်မရေးသေးပဲ ထုတ်ကုန်အဖြစ် onlineတင်ပြီးတော့ player တွေကို alpha version ဖြစ်ဖြစ် Beta version တွေမှာ in-game-purchase တွေထားပြီး အလကား ပေးဆော့ကြပါတယ်။ ဒီအတောအတွင်းတွေ့လာတဲ့ fan တွေရဲ့အကြံပေးတာတွေကိုယူပြီးတော့ ဂိမ်းကိုဆက်ပြီးတိုးချဲ့သွားကြပါတယ်။ ဒီနည်းက player တွေရဲ့ ဝေဖန်တာတွေကိုလည်း ထိတွေ့ရတဲ့ အပြင် ကိုယ်ပိုင် game server တွေရဲ့ loading ကိုလည်းစမ်းသပ်လို့ရတဲ့အတွက် developer တွေအတွက်ကတော့ တော်တော်လေး အသုံးဝင်ပါတယ်။ ဒီကြားထဲမှာ စိတ်မထိန်းနိုင်လို့ in-app-purchase တွေကလည်းဝယ်သူရှိနေတာကိုး။
တစ်ချို့ MMORPG တွေက ၅ လ ဒါမှမဟုတ် ၆လလောက်အတွင်းမှာ final ပွဲတစ်ပွဲလုပ်ပေးပြီးတော့ အဆုံးသတ်တတ်ပါတယ်။ ပြီးတော့မှ ဒီထက်ပိုကောင်းတဲ့ နောက်တစ်ခုကို ထပ်ထုတ်ကြတာပါ။ ပြီးတော့ ဆော့လို့ရတဲ့ ရိယာလည်းကျဉ်းပြီး လူလည်း ကန့်သတ်ထားတတ်ပါတယ်။ ဆိုလိုတာက Singapore မှာဆိုရင် သူ့နိုင်ငံထဲကပဲဆော့လို့ရပါတယ်။ ပြီးတော့ အစပိုင်းစမ်းသပ်ကာလ တစ်လလောက်မှာ အလကားပေးထားပြီး တကယ် ပစ္စည်းစုံ နဲ့ final version launch လုပ်လိုက်တဲ့အခါ လစဉ်ကြေးနဲ့ ဆော့ရပါတယ်။
နောက်တစ်မျိုးကတော့ WOW (World of warcraft) တို့လိုဂိမ်းမျိုးတွေပါ။ နှစ်နဲ့ချီဆော့လိုရပြီး update တစ်ခုပြီးတစ်ခုတဲ့ ဖမ်းစားထားနိုင်တဲ့ ရိုးမသွားတဲ့ ပုံစံမျိုးတွေပါ။
နောက်တစ်ခုကတော့ ဒီဂိမ်းထဲကပစ္စည်းတွေကို အပြင်မှာတစ်ကယ်သုံးတဲ့ ပိုက်ဆံနဲ့ player အချင်းချင်းအရောင်းအဝယ် လုပ်ကြတာပါပဲ။ ဒါကတစ်ချို့ ဂိမ်းတွေမှာ ကန့်သတ်ထားပြီးတော့ တစ်ချို့မှာတော့ အားပေးထားတာတွေရှိပါတယ်။
ဒီတော့ ဘယ်သူတွေဆော့ကြလဲဆိုတဲ့ ကိစ္စပါ။ ပြောရရင် အသက်အပိုင်းအခြားမရှိဘူးပဲပြောရမှာပါ။ မည်သူမဆိုပေါ့လေ။ ဆော့ချင်တဲ့သူဆော့လို့ရပါတယ်။ ကိုယ် ဘယ်အသက်အရွယ်လဲဆိုတာ ဂိမ်းထဲကကိုယ့်ဇာတ်ကောင် ကလိုက်ပြောနေမှာမှမဟုတ်တာ။
နာမည်ကြီးတွေထဲကတစ်ချို့ကတော့ WOW, D&D , EQ , AQ3D , O&C , Aion , Neverwinter , TERA , LOTR , and so on and on…
ကိုယ်နဲ့ အဆင်အပြေဆုံးအပျော်ဆုံး RPG ကိုသာရွေးဆော့ပါလို့ပြောပါရစေ…