Alone in basket
Notes

နံရံတွေဘက်မှာ ငါရှိပါတယ်

ငါ ငယ်ငယ်က တိုက်စခန်းတွေ ဆောက်တမ်းဆော့တယ်။ လေးဘက်လေးတန်းကို စောင်တွေ၊ တာလဘတ်တွေ နဲ့ကာတယ်။ ပြီးရင် တစ်နေကုန် အထဲမှာ ဝင်နေနေတယ်။ ငါလုံခြုံမှုရှိတယ်လို့ ခံစားရတယ်။

ကျောင်းရောက်တော့ စာသင်ခန်းရဲ့ ဒုတိယတန်း နံရံဘက်ထောင့်မှာ ငါ အမြဲထိုင်တယ်။ လေးဘက်လေးတန် ငါ့ဘေးမှာ ရှိတဲ့လူတွေ ၊ နံရံတွေကိုကြည့်ပြီး ငါဟာ လုံခြုံတယ်လို့ ခံစားရတယ်၊

ငါငယ်ငယ်က တစ်ယောက်တည်း စောစောအိပ်ရတဲ့ ညတွေမှာဆို နံရံဘက်ကို အတင်းကပ်ပြီး အိပ်တယ်၊ ခြုံရမဲ့ စောင်ကို ခြေရင်းမှာ လုံးနေအောင် ပုံထားပြီးတော့ ငါ့ဘေးမှာ ငါဖက်ရမဲ့ ဖက်လုံးကို ထားထားခြင်းအားဖြင့် ငါ့စိတ်ဟာ လုံခြုံတယ်လို့ ခံစားခဲ့ရတယ်။

အရွယ်ရောက်လာတော့ ငါဟာ ခင်မင်တဲ့လူတွေ ရှိရင် နောက်ကျောလုံတယ်  ၊စိတ်လုံခြုံမှုရတယ်ဆိုပြီးမျက်နာချင်းဆိုင်ကလာတဲ့အရာတွေကိုဖြေရှင်းဖို့ကြိုးစားခဲ့တယ်။

ငါ့ကျောတွေဟာ ဓါးတွေ စိုက်ခဲ့တယ်။ ငါအနီးဆုံးဆိုပြီး သတ်မှတ်ထားတဲ့ လူတွေဆီက ဝင်လာတဲ့ ဓါးချက်တွေက အနက်ဆုံး ဖြစ်ခဲ့တယ်။ ဓါးတွေဟာ တစ်ချောင်း၊ နှစ်ချောင်းကစလို့ အချောင်းပေါင်းများစွာ..

“ငါဟာအဲ့အချိန်ကစပြီးလူတွေထက်နံရံတွေကိုကျောပေးတတ်လာတယ်။”

ငါ့အတွက် နံရံတွေဟာ လုံခြုံတယ်။ နံရံတွေဟာ ဓါးတွေ မကိုင်ထားဘူး။ နံရံတွေဟာ ငါဒေါသထွက်လာချိန်တိုင်းလည်း ငါ့ကို မငြူစူဘူး ။ ဒါပေမဲ့ နံရံတွေကို ငါကပ်ပြီး နားထောင်ကြည့်တဲ့အခါ သူတို့ရဲ့ စကားသံ သဲ့သဲ့ကို ကြားရတယ်။ ဒါပေမဲ့ ငါဟာ ဘယ်သူ့ကိုမှ ပြန်ပြောပြမှာ မဟုတ်ဘူး။ နံရံတွေဟာ အေးစက်တယ်။ ဒါပေမဲ့ ငါ့ကို စိတ်လုံခြုံမှု အပြည့်ပေးနိုင်တယ်။

မင်းတကယ်လို့ နံရံနှစ်ခုဆုံရာရဲ့ ထောင့်လေးမှာ ကျောမှီပြီး ထိုင်နေတဲ့ လူကိုတွေ့ရင် လာနှုတ်ဆက်နိုင်ပါတယ်။ အဲဒါ ငါပါ။ မင်းစိတ်ဝင်စားရင်တော့ ငါတို့တွေ လူတွေရဲ့ ဓါးတွေနဲ့ နံရံရဲ့ အေးစက်မှုတွေကို ဆက်ပြီး ဆွေးနွေးလို့ရပါတယ်။ နံရံတွေဘက်မှာ ငါရှိပါတယ်။

%d bloggers like this: