ipad
Featuring

သူတို့ဘာလို့ mobile game ကိုစိတ်မဝင်စားကြတာလဲ

လက်ရှိ game တွေဆော့ရတာပျော်တယ်မဟုတ်လား၊ အရင်ကတော့ PC မှာ.. ပြီးတော့ PS နဲ့ Xbox ပေါ့။. အခုနှစ်တွေမှာရော? Mobile gaming ဆိုတဲ့ ကိစ္စကအတော်လေးနေရာယူလာပါတယ်။ ကစားဖြစ်တာပဲမဟုတ်လား … ဆိုပါတော့ MMORPG ပဲဖြစ်ဖြစ် ရိုးရိုး အချိန်ဖြုန်းတဲ့ arcade racing လေးပဲဖြစ်ဖြစ် တော့ဖုန်းထဲမှာရှိနေပါလိမ့်မယ်။ tablet ထဲမှာလည်း game အနည်းနဲ့အများတော့ ရှိနေမှာပါပဲ။ ဆော့လည်းဆော့ဖြစ်ကြပါလိမ့်မယ်။. ဒါပေမယ့် ကျွန်တော်ညနေအိမ်ပြန်တိုင်းမှာ ဘာလို့ PC game တွေဆက်ဆော့နေသေးတာလဲ။. Xbox One ပေါ်က Gears of War အသစ်ကို ဘာလို့မျှော်နေတုန်းလဲပေါ့။

ဘယ်လောက်ပဲ mobile gaming လောကကြီးထွားလာပါစေ တကယ့် ဆရာတွေဖြစ်တဲ့ game company ကြီးတွေနဲ့ တစ်ချို့ indie studio တွေကတော့ mobile ကိုလုံးဝစိတ်ဝင်စားမှုမပြတာပါပဲ။ အချက်အလက်တစ်ချို့ကိုကြည့်ရအောင်၊. ဘာလို့များ သူတို့ဂိမ်းတွေကို mobile ကိုမချလဲဆိုတာမျိုးပေါ့။

1. ပုံတူပွားဂိမ်းများ
Android မှာ game site တွေအများကြီးရှိတယ်ဆိုပေမယ့် Google Play Store နဲ့ပဲ ဥပမာပြောကြည့်ရအောင်။ သွားကြည့်လိုက်ပါ။ ကိုယ်ကြားဖူးတဲ့ ဂိမ်းနာမည်တစ်ခုကိုရိုက်ကြည့်လိုက်ပါ။ ကိုယ်ရှာတဲ့ ဂိမ်းတော့ ထွက်ချင်မှထွက်လာပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ game title ကအစ ဆင်တူကြောင်းကွဲနဲ့ ပုံစံဆင်ဆင် တစ်ခြားဂိမ်းတွေထွက်လာတာကိုတွေ့ပါလိမ့်မယ်။ Clone တွေပေါ့ဗျာ။ တစ်ချို့ဂိမ်းတွေဆိုရင် နောက်မှထွက်ပေမယ့် အရင်ဆုံး သူ့စိတ်ကူးနဲ့သူ အသစ်ထွက်လာတဲ့ ဂိမ်းထက်တောင် rating တွေကောင်းနေတတ်ပါသေးတယ်။ ကျွန်တော်တို့ အများစုရဲ့ အလေ့အကျင့်အရလည်း rating ကိုပဲကြည့်ပြီး ဒီဂိမ်းကို download လုပ်ဖို့မလုပ်ဖို့ဆုံးဖြတ်ကြတာမဟုတ်လား။ တစ်ခါတစ်လေမှာ ဘယ်ဂိမ်းက အစစ်အမှန်မှန်းမသိလောက်အောင် ရောထွေးနေတာမျိုးတွေတွေ့ဖူးပါလိမ့်မယ်။ ဒီတော့ intellectual property rights တို့ဘာတို့ဆိုတဲ့ ကိစ္စတွေနဲ့ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းတွေကို အားပေးတယ်ဆိုတဲ့ ကိစ္စတွေက mobile gaming လောကမှာသိပ်မတွေ့ရတော့ဘူးလို့ တစ်ချို့ကမှတ်ချက်ပြုကြပါတယ်။ အကြောင်းက mobile မှာဘာလာလာ စောင့်နေကြတဲ့သူတွေအများစုက ဖျော်ဖြေရေးရရင်ပြီးရော ကျန်တာဘာမှဂရုမစိုက်ကြပါဘူး။

2. Free to Play (အလကားရတဲ့ ဂိမ်းတွေ) များနေခြင်း
လက်ရှိမှာ mobile game တွေကို အကြမ်းအားဖြင့် ၃မျိုးခွဲလို့ရမယ်နဲ့တူတယ်။ ပထမဆုံးကတော့ တကယ်ကို အလကားရတဲ့ ဂိမ်းတွေ များသောအားဖြင့် puzzle game နဲ့ board game အမျိုးအစားတွေများပါတယ်။ developer လုပ်သူအတွက်လည်း အတော်သက်သာတဲ့ဂိမ်း အမျိုးအစားတွေပေါ့။ app ရေးတတ်ခါစမှာ အစမ်းသဘောရေးတဲ့ ဂိမ်းတွေလည်းပါတတ်ပါတယ်။ level auto-generate တွေထည့်ထားတဲ့အတွက် သိပ်မပင်ပန်းဘူးပေါ့။ နောက်တစ်မျိုးကတော့ free-to-play ဖြစ်ပေမယ့် ဂိမ်းထဲကပစ္စည်းတွေကို ဝယ်ချင်ရင် ရောင်းပေးတဲ့ in-app-purchase လို့ခေါ်တဲ့ နည်းနဲ့ ပိုက်ဆံရှာတဲ့ ဂိမ်းတွေပါ။ နောက်ဆုံးကတော့ တကယ့် အသည်းအသန် developer တွေပေါ့။ သူတို့က တော့ရောင်းပါတယ်။ ပြီးတော့ လက်ငင်းငွေရဖို့တစ်ခု တည်းမဟုတ်ပဲ တစ်ခြားရည်ရွယ်ချက်တွေပါလာတဲ့သူတွေပါ။ ဒါပေမယ့် mobile game လောကမှာတော့ ဒီလို ဝယ်ဆော့ရတဲ့ ဂိမ်းတွေအများစုဟာ အောက်ကျနောက်ကျအနိုင်ဆုံး ဂိမ်းတွေပဲဖြစ်ပါတယ်။ အများစုက အလကားရတာတွေနဲ့ ယဉ်ပါးနေကြပြီလေ။

3. ချမ်းသာပြီးရင်းချမ်းသာရင်း
သတိထားမိမလားတော့မသိဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ cele တွေထဲက ရာနဲ့ချီတဲ့သူတွေမှာ သူ့တို့နာမည်နဲ့ထုတ်တဲ့ app တွေရှိပါတယ်။ အဆိုတော်တွေကနေ skate-boarder တွေအထိရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ အရေးတယူပြောပြီး စာရင်းမသွင်းပါဘူး။ ဘယ်စာရင်းမှာမှမတက်တဲ့အတွက် သူတို့ကို အလုပ်မဖြစ်ဖူးလို့ထင်စရာရှိပါတယ်။ ဒီလိုထင်ရင်တော့အမှားကြီးမှားပါလိမ့်မယ်။ mobile မှာ လူမသိသူမသိ ငွေတွေသဲ့ယူနေတဲ့ ဂိမ်းတွေနဲ့ app တွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်းရှိနေတာပါပဲ။ ဒါပေမယ့် သူတို့က ဘယ်စာရင်းမှာမှ နံပတ်ချိတ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ top 10 ဘာညာ စာရင်းတွေ အကုန်လုံးနီးပါးက အလကားရတဲ့ဂိမ်းတွေ အများစုကပဲ လွှမ်းမိုးထားတတ်တာပါ။

4. Mobile gaming ဆိုတာက စိတ်ပြေလက်ပျောက်ဆော့စရာလား
ဒီမှာတော့ အငြင်းပွားစရာတွေ အများကြီးရှိနိုင်သလို ကျွန်တော့အတွက်လည်း subjectively ပဲပြောလို့အဆင်ပြေပါတယ်။ mobile လောကမှာ hardcore mobile gamer ဆိုတာကြားဖူးလား? Hardcore gamer ဆိုတာက mobile မှာတော့ ဟာသတစ်ခုလို့ပဲ အများစုကမြင်နိုင်ပါလိမ့်မယ်။ ကိုယ်ရပ်ကွက်တစ်ခုတည်း၊ ကိုယ့် ပတ်ဝန်းကျင်တစ်ခုတည်းကိုကြည့်ပြောလို့တော့မရဘူးပေါ့။ တကယ်ဆိုရင်တော့ PC နဲ့ တစ်ခြား gaming console တွေကို ထိတွေ့ခွင့်ရနေတဲ့ သူတွေအများစုကတော့ mobile သည် အပျော်ဆော့ပဲ သဘောထားနေကြတုန်းပါပဲ။ဘာလို့လဲဆိုတော့ ကိုယ့် main game က PC မှာဖြစ်ပြီးတော့ console မှာလည်း တစ်ခုမဟုတ်တစ်ခုရှိနေတတ်ပါဦးမယ်။ ဟိုသွားဒီသွားအချိန်နဲ့ မနက်ပိုင်း ခဏလောက်ကိုသာ mobile ပေါ်တက်ဖြစ်တဲ့ gamer တွေအများကြီးမဟုတ်လား။ ဒီလိုမဟုတ်ပဲ ဖုန်းပေါ်မှာပဲ တစ်ချိန်လုံးရှိနေတဲ့ သူတွေကိုတော့ hardcore လို့ခေါ်ဖို့ ဝန်လေးတတ်ကြပါတယ်။ အဓိကကတော့ အများစုက culture ကိုမလိုက်လာနိုင်တဲ့အတွက်ဖြစ်ပါလိမ့်မယ်။ ဖုန်းပေါ်က ဂိမ်းတစ်ခုကိုဖျက်ပစ်လိုက်ဖို့ဆိုတာ စက္ကန့်ပဲကြာတာပါ။ ဒါပေမယ့် အများစုကတော့ ဂိမ်းအသစ်တစ်ခုတင်တော့မယ်ဆိုရင် အလကားရမယ်ဆိုရင်တောင်မှ download လုပ်ရမယ့် data ပမာဏကို သတိထားနေကြတုန်းပါပဲ။ ခုနောက်ပိုင်းတွေမှာတော့ EA, Gameloft, Square Enix တို့ Super Cell တို့ရဲ့ ပရိတ်သတ်များလှတဲ့ Pokemon GO, COC တို့လို Fortnite, တို့လို ဂိမ်းတွေလည်းရှိနေပါပြီ။ ဒါပေမယ့်လည်း အများစုကတော့ ခုဏကပြောသလို freemium model ထဲမှာနေပြီးတော့ပဲဈေးရောင်းနေကြတုန်းပါပဲ။

5. ပရမ်းပဒါဈေးကွက်
$50 ဘီလီယံ တန်ဖိုးရှိတဲ့ ဂိမ်းဈေးကွက်ကြီးတစ်ခုလုံးထဲမှာ တစ်ဝက်လောက်က mobile game တွေကလာတာပါ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်ပေါ့။ ဒါပေမယ့် ပြသနာက mobile segment အကုန်လုံးက အမြတ်ခွဲဝေတဲ့ အခါ အညီအမျှမရှိတာပဲ။ အကြောင်းကသူ့မှာ သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေ လုံလောက်အောင်မရှိဘူးလေ။ ဒါကြောင့် mobile game developer အများစုအတွက် game တွေသည် ပေါပေါပဲပဲနဲ့ မြန်မြန်ထုတ်နိုင်ရေးသည်သာ အဓိကဖြစ်လာပါတယ်။ အများစုက ဈေးသက်သာမယ် အလကားရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်က ရုန်းထွက်ဖို့ခက်သွားကြပါတယ်။ ဒါကြောင့်လည်း စားသုံးသူတွေကို အဲဒီ့ ပေါချာင်ကောင်း လမ်းစဉ်ကို မောင်းပို့သလိုဖြစ်သွားပြီး သက်သာရာကိုပဲရှာကြပါတော့တယ်။

6. ကိုယ့်ကိုလူမြင်နိုင်ဖို့ကလည်းခက်နိုင်တယ်
တစ်နေ့တစ်နေ့ကိုဂိမ်းပေါင်းသောင်းခြောက်ထောင်လောက်ထွက်နေတဲ့ အတွက် mobile game developer တွေအတွက် စိန်ခေါ်မှုတစ်ခုက ကိုယ့်ဂိမ်းကို လူမြင်ဖို့ပဲ။ ထားပါတော့ ကိုယ်က ဂိမ်းကောင်းကောင်းကို တကယ်ရေးပြီး တင်လိုက်တယ်ပဲထား။ အစပိုင်း ၁ ရက် ၂ ရက်လောက်မှာပဲ review ရေးတဲ့ တစ်ယောက် ၂ယောက်လောက်က “ဂျင်းပါကွာ” လို့ရေးသွားလို့ကတော့ ပလုံပြီပဲ။ ပြီးတော့ တစ်ခြား free ဆိုတဲ့ခေါင်းစဉ်တပ်ထားတဲ့ ကြော်ငြာတွေ အများကြီးကလည်းကြောက်ရဦးမှာ။ တကယ်ဆို ကိုယ်ဂိမ်းကထွက်တယ်ဆိုရင်တောင် စာရင်းတစ်ခုခုမှာတစ်နေရာရဖို့အရေးက အတော်ကြိုးစားရဦးမှာ။ digital marketing တက်နေတာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေသူတွေပဲဖြစ်ဖြစ် ဆိုရင်တော့ content discovery အကြောင်းကိုပိုနားလည်ပါလိမ့်မယ်။ ဂိမ်းတွေ အတွက် content discovery တွန်းဖို့အရေးကတော့ ဘယ်လောက် ဂေါက်လဲဆိုတာ မပြောတတ်အောင်ပါပဲ။

7.အသစ်အသစ်တွေဆိုပြီး တကယ်လက်ခံသလား
Play Store မှာပဲဖြစ်ဖြစ် App Store မှာပဲဖြစ်ဖြစ် editor’s choice ဆိုပြီးတွေ့ပါလိမ့်မယ်။ ဒါကတကယ် ရောသုံးလို့ရပါသလား။ အားကိုးလို့ အဆင်မပြေပါဘူး။ ထွက်နေတဲ့ ဂိမ်းအတိုင်းအတာနဲ့ ဘယ်လိုမှ အလျင်မမှီနိုင်ပါဘူး။ PC မှာဖြစ်ဖြစ် Console မှာဖြစ်ဖြစ် အသစ်ဖြစ်တဲ့ gaming idea တစ်ခုကို ဖန်တီးပြီး ထည့်သုံးလိုက်တယ်ထားပါတော့။ အရမ်းကြီးပေါက်တဲ့ ဂိမ်းတစ်ခုမဖြစ်ရင်တောင် သူ့မှာ player တွေစုလာတဲ့ community ကတော့ ရှိလာတာပဲ။ ပြီးတော့ ချီးကျူးမှုအပြင် တကယ် လက်တွေ့ကျကျ တစ်ခုခုတော့ပြန်ရနိုင်ပါတယ်။ ဒါပေမယ့် mobile မှာကျတော့ ဘာတွေပဲလုပ်လုပ် အဲ့လောက်အကျိုးခံစားရမှာမဟုတ်ပါဘူး။

8. ခိုးကူးကိစ္စ
Mobile game developer တွေကြုံရတဲ့ထဲမှာ ခိုးကူးလည်းပါပါတယ်။ online မှာနေနေတဲ့ သူတွေ အတွက်ကတော့ ခိုးကူး game တွေဆိုတာရဖို့ အရမ်းလွယ်တယ်မဟုတ်လား။ ဒီ website တွေကတကယ်တော့ piracy အပြင်တစ်ခြား အန္တရာယ်တွေလည်းပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ဘယ်လောက်ရှာရလွယ်သလဲဆိုရင် google ကိုယ်တိုင်ကပဲ ရှာပေးပါလိမ့်မယ်။ ဆိုစရာက…. Google ဒါတွေကို တားမယ်ဆိုရင် အစောကြီးကတည်းက တားလို့ရပါတယ်။ indexing လုပ်ကတည်းက ချန်လို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ မြန်မာလိုပြောရင်တော့ စာရင်းသွင်းတယ်လို့ပြောကြမလားပဲ။ ဒါပေမယ့် ဘယ်သူမှထိဖို့မကြိုးစားဘူးလေ။

9. အမြတ်အစွန်း
တကယ်ရေး စိတ်ကူးကောင်းတွေထုတ်၊ ဇာတ်လမ်းတွေရေး၊ အသစ်တွေစဉ်းစား၊ code တွေရေးပြီးတော့ promotion တွေလုပ် free တွေပေးတာနဲ့တင် developer အများစုအတွက် အမြတ်ရဖို့ ခက်ပါတယ်။ ဒီထဲမှာမှ အလွန်တရာပိုက်ဆံ အဝင်ကြမ်းနေတဲ့ developer တွေလည်းရှိပါတယ်။ ဒါပေမယ့် အများစုအတွက်ကတော့ မဟုတ်ပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ ဘာလုပ်လာကြလဲဆိုတော့ အရင် PC နဲ့ console မှာရှိပြီးသား၊ ပေါက်လည်းပေါက်ပြီးသား player community လည်းရှိပြီးသား ဂိမ်းတွေကို portingလုပ်လာကြပါတယ်။ မဟုတ်ရင် အထက်ကအကြောင်းပြချက် မျိုးစုံနဲ့ ပျက်သွားတဲ့ ရပ်သွားခဲ့တဲ့ ဂိမ်းတွေ အများကြီးရှိခဲ့ပါတယ်။ Telltales တောင်ပါသွားတယ်မဟုတ်လား။

10. PC နဲ့ console ကိုအစားထိုးသွားမလား
ဒီမေးခွန်းက ဒီအချိန်မှာတော့ စောပါသေးတယ်။ PC နဲ့ console မှာက mobile ကမပေးနိုင်တဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ဒီလိုပြောလို့ mobile gaming ကမတိုးတက်တော့ဘူးလား မေးစရာရှိပါတယ်။ မကြာခင်ကပဲ Razor 2 ဖုန်းကိုစမ်းထားမိတော့ ဒါက ဒီထက်ခပ်ဝေးဝေးကို သွားဦးမှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ မဟုတ်သေးဘူးပေါ့။

တစ်ခါတစ်လေ ကြော်ငြာမှာတွေ့သလို Game ရေးနည်းသင်တန်း အမြန်တတ်ရမည် ဆိုသလို Game development ဆိုတာ မဖြစ်လာနိုင်ပါဘူး။ သူ့မှာ စိတ်ကူး၊ အချိန်၊ ပိုက်ဆံ၊ စိတ်ပါဝင်စားမှု ကစပြီးတော့ အသစ်တွေ၊ တကယ့် အရည်အသွေးကောင်းတွေကို လက်ခံနိုင်တဲ့ တနည်းအားဖြင့် ဆာလောင်နေတတ်တဲ့ တကယ့် ပရိတ်သတ်လိုပါတယ်။ ဒါပေမယ့် mobile မှာတော့ အဲ့လို လူအများကြီး တွေ့ဖို့ အချိန်လိုပါဦးမယ်။

ThyBlackman မှ Corey Shaw ရဲ့ ဆောင်းပါးကို ပြန်လည်ခံစားပါသည်။

%d bloggers like this: