Comment Guide

RED Player community အတွင်း comment တွေမှာပါဝင်နိုင်ဖို့ ….

RedPlayer webpage ကမကြာခင်စတော့မယ်ဆိုတော့ comment ကိစ္စကိုဆွေးနွေးဖြစ်ကြတယ်။ admin အားလုံးကလည်း ဒါကပေါ့ပေါ့လေးထားရမယ့် ကိစ္စ မဟုတ်ဘူး၊ သတိထားသင့်တဲ့ကိစ္စ တစ်ခုအနေနဲ့မြင်ကြပါတယ်။ fb page စတဲ့ အချိန်မှာကတည်းက စုန်းပြူးတွေ တွေ့နေပြီးပြီမဟုတ်လား။ ကိုယ်တွေက အသင်းအဖွဲနဲ့ နေရတာကိုသဘောကျတယ်။ စိတ်တူကိုယ်တူတွေ ဖွဲစည်းထားရင်ပိုကောင်းတယ်ပေါ့။ RED Player ဖြစ်လာတာကလည်း ဒီလိုလူညီလို့ပဲဖြစ်လာတာ။ နောက်တစ်ချက်က page မှာတက်လာမယ့် စာတွေထဲက တစ်ချို့တစ်လေကိစ္စတွေက ပုံသေကားချပ်အတိုင်း အမြဲမှန်နေတာမဟုတ်ဘူး။ အငြင်းပွားလို့ရတာတွေက တစ်ပုံတစ်ခေါင်းရှိတယ်။ ဒါနဲ့ပဲ ဒီစာကိုရေးဖြစ်တယ်ဆိုပါတော့။ page ကိုလည်း အလည်ရောက်လာတယ်၊ ကျွန်တော်တို့နဲ့လည်း ဆက်ပြီး အတူတူသွားကြမယ်၊ အချိန်လေးနည်းနည်းရတယ်ဆိုရင် ဒီစာကိုတော့ ဖတ်စေချင်တယ်။

ဒါမှ RED Player အနေနဲ့ ကျင့်သုံးမယ့် comment တွေနဲ့ပါတ်သက်တဲ့ ကိစ္စတွေအကုန်သိနိုင်မှာ၊ ဒီမှာ ရေးထားတာတွေအကုန်လုံးက တစ်ခြား ကျွန်တော်တို့ရဲ့ social media တွေမှာလည်း အကျုံးဝင်တဲ့အကြောင်းတော့ကြိုပြောထားပါရစေ။

Comment section ကိုဘာလို့ထားတာလဲ

ကျွန်တော်တို့ပြောခဲ့သလိုပဲ ရည်ရွယ်ချက်ကိုက မျှဝေဖို့ထားတာဖြစ်တဲ့အတွက် comment မထားရင် ကျွန်တော်တို့ကချည်းပဲ ပြောသလိုဖြစ်နေမှာပေါ့။ ဘာမှဆွေးနွေးလို့ မရတော့ဘူး။ တစ်ချို့ ဘာသာရပ်ဆိုင်ရာတွေမှာ တကယ်စိတ်ဝင်စားပြီး တကယ်သိတဲ့သူတွေ အများကြီးက ဝင်ဆွေးနွေးကြလို့ article မှာ အများကြီးဖတ်လို့ ကောင်းသွားတာ ကြုံဖူးပါလိမ့်မယ်။ ဒီမှာလည်းဒီသဘောပါပဲ။ ကျွန်တော်တို့ရေးသမျှ စာတွေက မပြည့်စုံတာတွေလည်းပါနိုင်တယ်၊ လိုတာတွေရှိမယ်၊ အမှားတွေပါကောင်း ပါနိုင်တယ်။ RED Player ဆိုတာ community တစ်ခုပါ။ Sharingလုပ်ဖို့ အားပေးပါတယ်။ ဒါကြောင့် ဒီ comment section ကိုထားပေးထားတာပါ။ member တွေရေးတဲ့ comment တွေကလည်း စာရေးတဲ့ သူတွေအတွက် ခွန်အားတစ်ခုပါ။ နောက်တစ်ခုက ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို အဲ့ဒီအတိုင်းပြောရဲဖို့ဆိုတာ သတ္တိလိုပါတယ်။

ဒီတော့ အောက်မှာ ဘာတွေကတော့ အဆင်ပြေမယ် ဘယ်လိုတွေတော့ အဆင်မပြေနိုင်ဘူးဆိုတာကို အခုအချိန် ခေါင်းထဲရှိနေသလောက်ရေးထားလိုက်ပါတယ်။ တစ်ချိန်ချိန်ကြရင်တော့ ထပ်ပြင်ချင်လည်းပြင်မယ်၊ မလိုဘူး အားလုံးက အဆင်ပြေတယ်ဆိုလည်း ဒီအတိုင်း ထားလိုက်ကြတာပေါ့။

 

Comment ပေးဖို့ အခြေခံ အချက်အလက်နဲ့ အလုပ်လုပ်ပုံ

 

လူတိုင်းအတွက်တော့ login လုပ်တာနဲ့ comment ပေးတာတွေက တစ်ခြား website တွေနဲ့ အတူတူပါပဲ။ အနည်းဆုံး fb နဲ့ ဒါမှမဟုတ် email သုံးပြီးတော့ register လုပ်လို့ရမယ်။ လုံးဝမသုံးဖူးတဲ့ သူတွေကတော့ RED Player user guide ကိုအရင်သွားဖတ်စေချင်ပါတယ်။ (ဒါဖတ်ပြီးမှသွားပါ အောက်ဆုံးမှာ Link ပါတယ်၊ မဟုတ်ရင် ခင်ဗျား ဘယ်တစ်ခုမှ ပြီးအောင်ဖတ်မှာ မဟုတ်ဘူး)

 

Comment ကိုပြင်တာ ဖျက်တာလုပ်ချင်ရင်

 

ထားပါတော့ comment ပေးပြီးမှ ပြန်ပြင်ချင်တာ ဒါမှမဟုတ် မှားသွားလို့ ပြန်ဖျက်ချင်တာရှိရင် comment ရဲ့ ညာဘက်ထောင့် နားလေးကိုသွားပါ၊ အဲဒီမှာ အစက်ကလေးသုံးစက်ကိုနှိပ်ရင် box တစ်ခုကျလာလိမ့်မယ်၊ပြင်ချင်ရင်edit, ဖျက်ချင်ရင် delete နှိပ်လိုက်ရုံပါပဲ။

 

comment ကိုပုံမှန်ပေးရင်တော့ ဘာမှစောင့်စရာမလိုပါဘူး၊ ချက်ချင်းတက်ပါလိမ့်မယ်။ ဒါပေမယ့် link တွေထည့်ရေးရင်တော့ moderator ရဲ့ approval လိုပါလိမ့်မယ်။ spam ဖြစ်တာတွေ broken link တွေ၊ မတော်တရော် link တွေဆိုရင်တော့ comment မှာတက်လာတော့မှာမဟုတ်ပါဘူး။ ဒီတော့ မကောင်းတဲ့ bad link တွေကို မပို့ပါနဲ့ တက်လာမှာ မဟုတ်ပါဘူး။

 

ပယ်ထားတဲ့ စကားလုံးတွေ လည်းရှိပါတယ်။ ဒီစကားလုံးတွေသုံးရင် လည်း comment ကဖျက်ခံရပါလိမ့်မယ်။ ဒါမှမဟုတ် တက်လာမှာ မဟုတ်ပါဘူး။ စကားလုံးအများစုကတော့ ဆဲတာတွေ ဘာညာတွေပေါ့။ မဆဲပဲ စကားပြောတတ်ရင်တော့ အကောင်းဆုံးပေါ့။

Comment အတွက် အမူအကျင့်

 

ရှင်းပါတယ်၊ စည်းကမ်းကတစ်ခုပဲ ရှိတယ်၊ “ချီးထုပ်” မဖြစ်စေနဲ့ပေါ့။ ရိုင်းတာတွေ၊ မောက်မာတာ၊ အလကားနေရင်း ဘဝင်ရူး နေတာတွေ ဆိုအဆင်မပြေလောက်ဘူး။ page ပေါ်ကစာတွေကို စိတ်ဝင်စားပြီးရောက်လာတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် လူလိုသူလိုပဲ ယဉ်ကျေးတာ ကောင်းပါတယ်။

တစ်ခြားသူတစ်ယောက်ကို ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တာနဲ့ တိုက်ခိုက်စရာ၊ ရှုံ့ချစရာမလိုပါဘူး၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလည်း မလုပ်ပါနဲ့။ အကြောင်းအရာတစ်ခုကို သေချာအအသိပဲ ရမ်းမဝေဖန်ပါနဲ့၊ စိတ်နည်းနည်းရှည်ပေးပါ။ တစ်ဘက်သားကို အချိန်နည်းနည်းပေးပါ။ အားလုံးက တစ်နေရာတည်းကလာတာမဟုတ်ပါဘူး။ နေရာစုံကနေ ဒီမှာလာစုံတာကို မမေ့ပါနဲ့။ အားလုံးက ဒီကိုလာတာ အငြင်းပွားဖို့၊ ရန်ုဖြစ်ဖို့ ၊ သူမှန်ကြောင်းသက်သေပြဖို့ လာတာမဟုတ်ပါဘူး။ RED Player တွေအချင်းချင်း လေးစားပါ။ အေးဆေးပြောပါ။ တကယ်လို့များ ခင်ဗျားက လုံးဝအေးဆေးပြောတတ်တဲ့ သူမဟုတ်ဘူးဆိုရင် နည်းနည်းတော့ သည်းခံပြီး ကြိုးစားပေးပါ။

 

ok.. ဒါဆိုလည်း တစ်ယောက်ယောက်က အလွတ်လာဆဲရင် ဘာလုပ်ရမလဲ မေးတဲ့ လူတွေရှိလိမ့်မယ်။ (daddyredplayer@gmail.com ကို complain ပို့ထားလို့ရပါတယ်။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်တွေ့ပါလိမ့်မယ်။ ကူညီပါလိမ့်မယ်။)

 

Comment အကုန်လုံးနှီးပါးကိုတော့ moderator တွေစစ်ပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးတိုက် ခိုက်ပြီး ဆဲရင်တော့ဖျက်ပါလိမ့်မယ်။ တော်ရုံအငြင်းပွားတာနဲ့ တော့ ဖျက်ကြမှာမဟုတ်ပါဘူး။ Discussion တစ်ချို့မှာ အငြင်းအခုံနဲ့ ပြောရဆိုရတယ်ဆိုတာ နားလည်ပါတယ်။

 

သတင်းတစ်ခုခုမှားခဲ့ရင်

 

RED Player မှာရှိတဲ့ writer တွေရော editor တွေအကုန်လုံးက full-time writer/ editor တစ်ယောက်မှ မရှိပါဘူး။ ကျွန်တော်တို့လည်း လူတွေပါ၊ မတိကျတာတွေ၊ မှားတာတွေ၊ တစ်ခါတစ်လေ နောက်ကျနေတာတွေ ရှိတတ်ပါတယ်။ စာလုံးပေါင်းတွေကအစပေါ့ဗျာ။ ဒါလေးတွေတွေ့ရင် အချင်းချင်း ကူညီတဲ့ အနေနဲ့ ပြောပါ။ most welcome and appreciate ဖြစ်ပါတယ်။

Comment section ကိုယ်တိုင်မှာ error တက်နေတာ အဆင်မပြေနေတာတွေ ရှိနေရင်တော့ daddyredplayer@gmail.com ကိုပြောပေးလို့ရပါတယ်။ ဒါမှ ကျွန်တော်တို့ developer ကဖြေရှင်းလို့ရမှာပါ။

Comment တွေဖျက်တဲ့ကိစ္စ

အမှန်အတိုင်းဆိုရင်တာ့ comment တွေကို မဖျက်ချင်ပါဘူး၊ ပေါ့ပေါ့ပါးပါးနဲ့ အားလုံးအဆင်ပြေချင်ပါတယ်။ ဒါပေမယ့်လည်း…

  • ကြော်ငြာ comment တွေ၊ တစ်ခုခုလာရောင်းနေတဲ့သူတွေ၊ ဟိုသွားကြည့်ပါ၊ ဒီသွားကြည့်ပါဆိုပြီးဆေးလာထိုးနေတဲ့သူတွေ။
  • ဆဲတဲ့ကိစ္စ…လောလောဆယ်တော့ ဆဲသမျှ အကုန်လုံးကို auto မဖျက်သေးပါဘူး။   ဒါပေမယ့် တွေ့ရင်တော့ဖျက်သွားမှာပါ။ မပူပါနဲ့။
  • ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး ၊ နိုင်ငံသား၊ နိုင်ငံရေး ၊လူမျိုး၊ လိင်ခွဲခြားတာတွေ၊ hate speech တွေအကုန်လုံး ( ဂြိုလ်သားစကားတွေ အပါအဝင်) ဖျက်ပါတယ်။
  • ခြိမ်းခြောက်စာတွေ၊ ရန်စကားတွေ၊ တစ်ဦးတစ်ယောက်ကို စကားနဲ့ နာကျင်အောင်ပြုလုပ်တာတွေ၊ မကောင်းမှု အားပေးတာတွေ၊ ဆိုရင်တော့ ဒီ ကနေ ဖျက်ရုံမကပဲ ပယ်တဲ့ အထိဖြစ်သွားပါလိမ့်မယ်။

Page ကိုပဲဖြစ်ဖြစ် စာရေးသူတွေ admin တွေကိုပဲဖြစ်ဖြစ် အလွတ်ထိခိုက်လာတဲ့ comment တွေကိုလည်းဖျက်ပါမယ်။ လွန်လာရင်တော့ ထုတ်ပယ်ပေါ့။ အကောင်းနဲ့ ဝေဖန်တာတွေကိုတော့ ကျွန်တော်တို့က သိပ်ကို welcome ဖြစ်ပါလိမ့်မယ်။ လိုလည်းလိုချင်ပါတယ်။ ဒါပေမယ့် တောင်ပြောမြောက်ပြောတွေနဲ့တော့ အဆင်မပြေဘူးပေါ့။

အမျိုးအစားမခွဲထားဘူး

RED Player မှာက ဂိမ်းတွေ နဲ့ ဖုန်းတို့ဘာတို့ gadgets တွေကိုပဲ အဓိကထားပြောကြမှာပါ။ game တွေထဲကမှ အဆင့်ရှိတာ မရှိတာကို ခွဲမထားပါဘူး၊ ဥပမာ Competative player တွေမှ လူလို့ ထင်မနေပါဘူး။ Nintendo ပေါ်မှာ family game ကို Mario တို့ Contra တို့ကတည်းက ကစားလာကြတာပဲ၊ Pacman တို့ Pinball တိုနဲ့ ရင်နှီးလာတဲ့သူတွေပါ။ Overwatch ကိုလည်းဆော့ဖြစ်ကြသလို Halo series တွေကိုလည်း မေ့မထားကြပါဘူး။ Switch ပေါ်ကို ဘာဂိမ်းတွေများထပ်ရောက်လာမလဲ ဆိုတာလည်းစိတ်ဝင်စားပါတယ်။ ဆိုလိုတာက Game တွေကို game လို့ပဲမြင်ပါတယ်။ ဆင်းရဲ၊ချမ်းသာလဲ မရွေးပါဘူး။ နေရာဒေသဘာလဲ၊ ဘာသာ၊ အသားအရောင် နိုင်ငံရေးအမြင်လည်း စိတ်မဝင်စားပါဘူး။ ဘာဂိမ်းတွေဆော့နေလဲ၊ ဘယ်လိုဆော့ရလဲ၊ ဘယ်သူတွေနဲ့ဆော့မလဲ ကိစ္စက အဓိကပါ။

အတိုဆုံးပြောရရင် စာသင်ခန်းကောင်းကောင်းတစ်ခုထဲက ကျောင်းသားတွေလို သင်ခန်းစာတစ်ခုကို အကောင်းအမြင်နဲ့ ဝင်ဆွေးနွေးနေတာမျိုးဖြစ်စေချင်ပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ ပေါ့ပေါ့ပါးပါးဆွေးနွေးတာမျိုးပါ။ ကလေးကစားကွင်းထဲ ကိုမိဘတွေပါလိုက်လာပြီး ဆော့နေတဲ့ ပုံစံနဲ့ ကိုယ့်ကလေးထိမှာစိုးလို့ တစ်ခြားကလေးတွေကို တွန်းလိုက်ဖယ်လိုက် လုကစားလိုက် ရုပ်ထွက်မျိုး ကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။

ဒီတော့ တစ်ခါတည်း ဟိုဘက် အသင်းအားပေးတဲ့ သူနဲ့ ဒီဘက် အသင်းအားပေးတဲ့ သူ အချင်းများနေစရာလည်းမလိုဘူးပေါ့။

Comment ပေးမရတဲ့ဆောင်းပါးတွေ

တစ်ချို့ ဆောင်းပါးတွေမှာ comment section ပါလာမှာ မဟုတ်ပါဘူး။ ဒါကတော့ ရှင်းပါတယ်၊ မလိုအပ်လို့ပါ။ ပြီးတော့ တစ်ချို့ ဆောင်းပါးတွေမှာ ရှိပြီးသား comment တွေကိုပိတ်လိုက်ရတာမျိုးရှိနိုင်ပါတယ်။ ဒါကတော့ လုံးဝ လိုအပ်မှပါ။

နောက်တစ်ခုက “ဝေဖန်တာ မခံနိုင်လို့ comment ပိတ်တယ်” ဆိုတဲ့ စကားပါ။ ဒီလိုလူတွေအတွက်ကတော့ ဒီအတိုင်းပဲဖြေပါတယ်။

“ဒါဆိုရင် RED Player ကိုလာပြီး ခင်ဗျား ပေါက်ကရ ရေးချင်တိုင်း ရေးလိုတော့မရဘူးလေ၊ Comment ပေးတယ်ဆိုတာက အများနဲ့ အလုပ်လုပ်တာပဲ။ တစ်ခြားစိတ်ဝင်စားသူတွေ အားလုံး ညီတူညီမျှ ဒီ သတင်းတွေကို အချင်းချင်း ဆွေးနွေးလို့ရအောင်ထားပေးတာပါ။ comment ကိုဖတ်တာ editor နဲ့ moderator တွေပဲမဟုတ်ပါဘူး။ ဒီအသင်း အဖွဲ့တစ်ခုလုံးကဖတ်တာပါ။ ဒီတော့ အခွင့်အရေး နဲ့ ရပိုင်ခွင့်ဆိုတာကို ခွဲခြားသိပါ။”

စာလည်းတော်တော် ရှည်သွားပါပြီ။ လောလောဆယ်တော့ ဒီလောက်ပဲထားပါမယ်။ လိုအပ်ရင်တော့ လိုအပ်သလို ထပ်ဖြည့်ပြီးပြင်သွားမယ်။

comment ကိစ္စမှာရေးထားတာ များလို့ comment မပေးတော့ဘူးတော့ မလုပ်ပါနဲ့။ ခင်ဗျားက အပေါ်မှာပြောခဲ့ သလို့ wrong attitude မဖြစ်နေရင် အားလုံးနဲ့ အဆင်ပြေပါတယ်။

 

RED Player